အမျိုးသမီးကျန်းမာရေး
ဟော်မုန်းကျန်းမာရေး၊ သားဖွားနိုင်စွမ်းနှင့် တစ်သက်တာ တက်ကြွလန်းဆန်းမှုတို့အတွက် လမ်းညွှန်။
ရာသီလာချိန်မှာ ဗိုက်အရမ်းဆာတာ ဘာကြောင့်များလဲ!
ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတယ်လို့ ခံစားရတာက ကိုယ်တစ်ယောက်တည်းလို့ ယူဆနေတာလား! တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ ရာသီလာချိန်မှာ ဗိုက်ဆာတာက လေဒီလေးတော်တော်များများမှာ တွေ့ကြုံရနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ ရာသီလာနေချိန် နဲ့ ရာသီမလာခင် တစ်ပတ် ကနေ ၂ ပတ်လောက်မှာ ပုံမှန်ထက် ပိုပြီးဗိုက်ဆာတာမျိုး ခံစားကြရပါတယ်။ ရာသီလာချိန်မှာ အစားစားချင်စိတ် ပြောင်းတာ၊ အစားစားချင်စိတ် ပုံမှန်ထက် ပိုများနေတာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီအကြို လက္ခဏာတစ်ခုပါ ပဲ ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတာက ပုံမှန်ပဲလား! ရာသီလာချိန်မှာ ဗိုက်တာက ပုံမှန်ပဲလား ဆိုတော့ ပုံမှန်ပါပဲ။ အကြောင်းကတော့ ရာသီလာခါနီး သားဥကြွေတာနဲ့ မျိုးဥအိမ်ကနေ သားဥလေးတွေထွက်လာပြီးချိန်မှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် ပုံမှန်ထက် ဗိုက်ဆာတာမျိုးကို ခံစားရတာပါ။ တစ်ချိန်တည်းမှာပဲ စိတ်ခံစားမှုအပေါ် သက်ရောက်နေတဲ့ ဆီရိုတိုနင်လို့ခေါ်တဲ့ ဟော်မုန်းက ကျဆင်းသွားပါ တယ်။ ဒီအခြေအနေမှာ စိတ်ခံစားမှု ကောင်းစေဖို့အတွက် အချိုစားချင်စိတ်တွေ လွန်ကဲနေတာကို တွေ့ရမှာပါ။ ရာသီလာနေချိန်မှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုကြောင့် ပရိုတင်းစားချင်စိတ်တွေ ပိုဖြစ်နေတာ၊ အထူးသဖြင့် အသားတွေ စားချင်တာမျိုး ဖြစ်နိုင်သလို ပုံမှန်ထက်ပိုပြီး ကယ်လ်လိုရီ များတာတွေကို စားချင်တာ အချိုကဲ အငန်ကဲတာတွေကို စားချင်တာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။ ရာသီလာနေချိန်မှာ ချောကလက်တွေ စားချင်တာ၊ အချိုကဲတဲ့အစားအစာတွေနဲ့ အငန်ကဲတဲ့ အစားအစာတွေ စားချင်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်တွက်းဟော်မုန်း ပြောင်းလဲနေချိန်မှာ အချိုစားလိုက်မှ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ဟော်မုန်းတွေ ကြွယ်ဝလာပြီး စိတ်ခံစားမှုတွေ ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရာသီလာနေချိန်မှာ ကိုယ်တွင်းမှာ ကယ်လ်လိုရီတွေ ပုံမှန်ထက် နည်းနည်းလေး ပိုမိုလိုအပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ရာသီလာချိန်မှာ ပုံမှန်ထက် ပိုပြီး ဗိုက်ဆာတာမျိုး ခံစားကြရတာပါ။ ရာသီလာချိန် ဗိုက်ဆာတာကို ဘယ်လို ဖြေရှင်းမလဲ! ရာသီလာချိန်မှာ ဗိုက်ဆာတာကို သက်သာစေဖို့ဆိုရင်တော့ - ကယ်လ်ဆီယမ် ပိုစားပါ အချိုစာတွေအစား သစ်သီးလေးတွေ စားပါ ပရိုတင်း ပြည့်ဝတာတွေကို စားပေးပါ ရေအပါအဝင် အရည်များများ သောက်ပါ တစ်နေ့တာမှာ အစားကို နည်းနည်းချင်းစီနဲ့ မကြာမကြာ စားပေးပါ အဆာခံနိုင်စေဖို့အတွက် အမျှင်ဓာတ်များတာတွေကို စားပေးပါ။ လိုတိုရှင်း သတင်းစကား ရာသီလာချိန်နဲ့ ရာသီအကြိုကာလတွေမှာ ပုံမှန်ထက် အစားစားချင်စိတ် ပိုများနေတာက ပုံမှန်ပါပဲ။ အပျိုဖော် ဝင်ချိန် နဲ့ သွေးဆုံးချိန် မတိုင်ခင်ကာလအတွင်း မျိုးဆက်ပွားနိုင်စေဖို့အတွက် ခန္ဓာကိုယ်မှာ ပြောင်းလဲမှု များစွာဖြစ်ပေါ်စေပါတယ်။ ဒီအချိန်မှာ ကိုယ်တွင်းမှာ ဟော်မုန်း မြင့်တက်မှုတွေ ဟော်မုန်း ကျဆင်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဟော်မုန်း အတက်အကျဖြစ်စဉ်တွေထဲက ဟော်မုန်းပြောင်းလဲမှု အချို့က အစားစားချင်စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီကာလမှာ အစားအစာတွေကို အာဟာရမျှတအောင်စားတာ၊ အမျှင်ဓာတ် ပြည့်ဝအောင်စားတာ၊ ပရိုတင်းပြည့်ဝအောင် စားတာတွေက ရာသီလာချိန်မှာ ဗိုက်ခဏခဏ ဆာတာကို သက်သာစေနိုင်ပါတယ်။ ရာသီလာချိန်မှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လ်လိုရီတွေ ပြည့်ဝစေဖို့အတွက် အချိုစာတွေနဲ့ ကယ်လ်လိုရီတွေ စားချင်နေတာက ပုံမှန်ပါပဲလို့ ပြောပါရစေ။
သံဓာတ်အားဖြည့်ဆေးသောက်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ရာ
လစဉ် ရာသီလာချိန်မှာ ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ဖြည့်တင်းဖို့အတွက် သံဓာတ်အားဖြည့်ဆေးကို သောက်ကြပါတယ်။ ဒီလို သောက်ကြတဲ့အခါ ဝမ်းချုပ်တာ၊ အသားရောင်က ရင့်သွားတာမျိုးတွေကို ခံစားရတာကြောင့် သံဓာတ် အားဖြည့်ဆေးသောက်ရမှာကို ခပ်လန့်လန့်ဆိုတဲ့ လေဒီလေးတွေအတွက် သံဓာတ် အားဖြည့်ဆေးသောက်ပြီးချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်ရအောင် ဘယ်လို ဖြေရှင်းလို့ ရမလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ သံဓာတ်အားဖြည့်ဆေးသောက်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ရာ သံဓာတ် အားဖြည့်ဆေးသောက်ချင်တယ်။ ဝမ်းလည်း မချုပ်ချင်ဘူး ဆိုရင်တော့ - ဆေးပမာဏ မှန်ကန်ပါစေ သံဓာတ်အားဖြည့်ဆေးသောက်တဲ့အခါ အစာခြေစနစ်ထဲမှာ သံဓာတ်တွေ ပိုလျှံတာမျိုးကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ဆိုရင် သံဓာတ်လိုအပ်ချက်ကို မလိုမပိုဘဲ ဖြည့်တင်းမိဖို့ လိုပါမယ်။ အသက် ၅၀ နှစ်အောက် အရွယ်ရောက်ပြီးသူတိုင်း အနေနဲ့ တစ်နေ့တာကို သံဓာတ် ၈မီလီဂရမ်ထက် မပိုစေဘဲ သောက်ပေးလို့ ရပါတယ်။ ဒီပမာဏက တစ်ယောက်နဲ့ တစ်ယောက်မှာ ကွာခြားတာမျိုး ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ သေချာ တိုင်ပင်တာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ သဘာဝ အရင်းအမြစ်တွေကနေ ရယူပါ သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းချုပ်မှာကို စိုးရိမ်တယ်ဆိုရင်တော့ သံဓာတ်ကို ရရှိနိုင်တဲ့ သဘာဝ အစားအသောက်တွေကို နေ့စဉ်စားသုံးမှုမှာ ထည့်သွင်း စားသုံးပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။ အမျှင်ဓာတ် စားပေးဖို့ မမေ့ပါနဲ့ သံဓာတ်အားဖြည့်ဆေး သောက်နေချိန်မှာ အူတွေရဲ့ လှုပ်ရှားမှုကောင်းစေဖို့နဲ့ အူနံရံတွေရဲ့ ရေဓာတ်စုပ်ယူနိုင်စွမ်း ကောင်းစေဖို့ နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်ပါဝင်စေဖို့အတွက် အသီးအရွက်တွေနဲ့ သစ်သီးတွေကို ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။ အထိုင်များတာကို လျှော့ပါ အထိုင်များတာက ဝမ်းချုပ်စေနိုင်တာကြောင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပုံမှန် လုပ်ပေးပါ။ လမ်းလျှောက်တာကစလို့ နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားမှုလေးကို ပုံမှန် လုပ်ပေးတာက သံဓာတ်အားဖြည့်ဆေး သောက်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ရေများများသောက်ပါ သံဓာတ်အားဖြည့်ဆေး သောက်နေရချိန်မှာ ရေကို တတ်နိုင်သမျှများများလေး သောက်ပေးဖို့ လိုပါမယ်။ ဒါမှ ဝမ်းချုပ်တာကို သက်သာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေမှာပါ။ သံဓာတ်အားဖြည့်ဆေးသောက်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။