အ​ထွေ​ထွေကျန်းမာ​ရေး

အထွေထွေကျန်းမာရေးဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းနှင့် လူမှုဘဝအရ အလုံးစုံကောင်းမွန်စွာ နေထိုင်နိုင်စေရန် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရောဂါများကို ကြိုတင်တားဆီးကုသခြင်းတို့ကို ပါဝင်သော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

စိတ်ပင်ပန်းလာတဲ့အခါ Self-Time လေးယူပြီး အနားယူလိုက်ပါ

စိတ်ပင်ပန်းလာတဲ့အခါ Self-Time လေးယူပြီး အနားယူလိုက်ပါ

နေ့စဉ်ဘဝမှာ ထမ်းထားရတဲ့ ဝန်တွေ များလွန်းလှတဲ့အခါ မျက်စိနဲ့ မမြင်ရတဲ့ ပင်ပန်းမှုတွေကို ခံစားရကြပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် စိတ်ပင်ပန်းဖိစီးရတာမျိုးပေါ့။ ဒီလို စိတ်ဖိစီး ပင်ပန်းလာတဲ့အခါ ပြေလျော့စေဖို့ လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ စိတ်ဖိစီးမှုတွေ များလာပြီး မမှန်ကန်တဲ့ နည်းလမ်းနဲ့ စိတ်ထွက်ပေါက်ရှာမိတာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် စိတ်တွေ အရမ်းပင်ပန်းလာပြီလို့ ခံစားလာရပြီဆိုရင် Self-Time လေးယူပြီး ကိုယ်ရော စိတ်ပါ အနားပေးဖို့ သတိပေးချင်ပါတယ်။ စိတ်ပင်ပန်းဖိစီးတာက အိမ်ထောင်ဦးစီးတွေမှာပဲ ခံစားရတာလား! ဒီလိုစိတ်ဖိစီးပင်ပန်းမှုကို အိမ်ရဲ့ဝင်ငွေအတွက် ပခုံးထမ်းထားရတဲ့သူတွေမှာပဲ ခံစားရတာလားဆိုတော့ မဟုတ်ပါဘူး။ တစ်အိမ်လုံးကသူတွေ အဆင်ပြေပြေ လည်ပတ်နိုင်စေဖို့ နောက်ကွယ်ကနေ ထောင့်စေ့အောင် လုပ်ဆောင်ပေးနေရတဲ့ အိမ်ရှင်မတွေမှာရော မိသားစုဝင်အားလုံးလိုလိုမှာ သူ့အတိုင်းအတာနဲ့သူ စိတ်ဖိစီးတာတွေကို ခံစားရတတ်ပါတယ်။ ဒီလို ဖိစီးမှုတွေက ဖြေလျော့ပေးတာမျိုး မရှိဘူးဆိုရင်တော့ မူးယစ်ဆေးသုံးစွဲတာကစလို့ ကိုယ့်အသက်ကိုယ် ရန်ရှာတာမျိုးအထိ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာသွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ခံစားနေရပြီဆိုရင်တော့ ကိုယ်တိုင်အရင်ဆုံး Self-Time လေးယူပြီး စိတ်လေးကို အနားပေးဖို့ လိုပါမယ်။ စိတ်ပင်ပန်းလာတဲ့အခါ Self-Time လေးယူပြီး အနားယူလိုက်ပါ စိတ်ပင်ပန်းလာတယ်ဆိုတာက စိတ်ဖျားနာလာတာပါ။ ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုတွေကို ခံစားရတဲ့အခါ ပြန်ကျန်းမာလာဖို့ အနားယူရသလို စိတ်လေးဖျားနာတာကို သက်သာစေဖို့ စိတ်ကို အနားပေးဖို့ လိုပါမယ်။ ဒါကြောင့် စိတ်အရမ်းပင်ပန်းလာပြီဆိုရင် အခုလို နည်းလမ်းလေးတွေနဲ့ ကိုယ်ပိုင်ချိန်လေးယူပြီး စိတ်လေးကို အနားပေးလိုက်ပါ။ အတွေးတွေ အားလုံးကို ရပ်လိုက်ပါ အတွေးတွေကြောင့် စိတ်ပင်ပန်းမှုတွေက ပိုဆိုးလာရတာပါ။ စိတ်ကလေးက ပင်ပန်းလာပြီဆိုရင် စိတ်ထိခိုက်စေမယ့်အရာတွေကို အကြောင်းရှာပြီး ပိုတွေးတတ်ကြပါတယ်။ ဒါကြောင့် စိတ်အရမ်းပင်ပန်း လာပြီဆိုရင် တွေးမိတွေးရာ တွေးနေတဲ့ စိတ်လေးကို ဘာမှ မတွေးစေဘဲ အနားပေးလိုက်ပါ။ ဒီအချက်တွေအပြင် နေ့တိုင်း စိတ်လေးကို အနားပေးနိုင်မယ့် Self-Time ကို ထားရှိဖို့ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုက အရာလုံးကို ကောင်းမွန်တဲ့ အစပြုမှုဖြစ်တာကြောင့် စိတ်လေးကို ဂရုစိုက်ရင်း ကောင်းမွန်တဲ့ အရာတွေကို စတင်ဖို့ အစပြုလိုက်ဖို့ အကြံပြုလိုက်ပါရစေ။ စိတ်ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ပါ စိတ်လေးကို အနားပေးတဲ့ Self-Timeလေးယူတဲ့အခါ ကိုယ့်စိတ်ဝင်စားတဲ့အရာလေးတွေ၊ ကိုယ့်စိတ်ကို ပျော်ရွှင်စေနိုင်တဲ့ အရာလေးတွေကို လုပ်ပေးဖို့ လိုပါမယ်။ ဥပမာ - သီချင်းနားထောင်တာမျိုး၊ စာဖတ်တာ၊ စာရေးတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာမျိုးပေါ့။ စိတ်အေးချမ်းမှုရစေမယ့် အရာလေးတွေ လုပ်ပါ စိတ်ပင်ပန်းနေချိန်မှာ စိတ်အေးချမ်းမှုရစေမယ့် အရာလေးတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ ဒါကြောင့် စိတ်ဖိစီးပင်ပန်းမှုတွေ အရမ်းများနေပြီဆိုရင် ယောဂလေ့ကျင့်တာကစလို့ တရားထိုင်တာ၊ ဝင်လေထွက်လေ မှတ်တာလိုမျိုး အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလိုလုပ်ဆောင်မှုတွေက စိတ်ဖိစီးတာ ကို သက်သာစေမှာပါ။ စိတ်သက်သာရာ ရစေမယ့် ပတ်ဝန်းကျင်လေး တစ်ရပ်ကို ဖန်တီးပါ စိတ်ဖိစီးပင်ပန်းလာပြီဆိုရင် တိတ်ဆိတ်ပြီး အေးအေးဆေးဆေး နေလို့ရမယ့် စိတ်သက်သာရာ ရစေမယ့် ပတ်ဝန်းကျင်လေး တစ်ရပ်ကို ဖန်တီးဖို့ လိုပါမယ်။ နည်းပညာတွေနဲ့ ခေတ္တကင်းကွာနေလိုက်ပါ စိတ်ဖိစီးပင်ပန်းနေချိန်မှာ စိတ်ပင်ပန်းမှုကို ပိုဆိုးစေနိုင်မယ့် ဆိုရှယ်မီဒီယာတွေကနေ ကင်းကွားပြီး နည်းပညာတွေနဲ့ ခဏလောက် အဆက်ဖြတ်လိုက်တာကလည်း နည်းလမ်းကောင်းပါ။ အိပ်ရေးဝဝအိပ်လိုက်ပါ စိတ်ပင်ပန်းနေချိန်မှာ အတွေးတွေကို ရပ်တန့်နိုင်မယ့် အကောင်းဆုံးနည်းလမ်းက အိပ်တာပါ။ ဒါကြောင့် စိတ်ဖိစီးပင်ပန်းနေပြီဆိုရင်တော့ လုပ်လက်စတွေ ခဏရပ်လို့ အိပ်ရေးဝဝသာအိပ်ချလိုက်ပါ။ လိုအပ်ရင် အကူအညီယူပါ စိတ်ဖိစီးပင်ပန်းတာက တစ်ယောက်တည်း ဖြေရှင်းလို့ရတဲ့ အခိုက်အတန့်မျိုး ရှိသလို သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်မှ စိတ်သက်သာရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် လိုအပ်ရင် ရင်ဖွင့်အကူအညီယူပါ။ စိတ်ခံစားမှု ကောင်းစေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးပါ စိတ်ခံစားမှုကောင်းစေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေ ဖြစ်ကြတဲ့ လမ်းလျှောက်တာ၊ Gym ဆော့တာ၊ ယောဂလေ့ကျင့်တာမျိုးတွေလုပ်ပေးပြီး စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။ အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ခွဲခြားထားပါ အလုပ်ကို အလုပ်ချိန်မှာပဲ လုပ်ပြီး ကိုယ်ပိုင်အချိန်တွေမှာ စိတ်သက်သာရာ ရစေမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ပေးပါ။ ဒီလို ခွဲခြားထားတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးသလို စိတ်ဖိစီးမှုကို သက်သာစေဖို့လည်း အများကြီး ထောက်ကူပေးနိုင်မှာပါ။ လိုအပ်တဲ့ ကုထုံးခံယူပါ တကယ်လို့ စိတ်ဖိစီးပင်ပန်းတာက အမြဲလိုလို ဖြစ်နေမယ်။ အချိန်အတော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်။ အပေါ်ကနည်းလမ်းတွေနဲ့ ဖြေရှင်းပေမယ့် မသက်သာဘူးဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။ စိတ်ကျန်းမာမှ နေ့စဉ်ဘဝမှာ ကောင်းမွန်တဲ့ ရလဒ်တွေရရှိအောင် လုပ်ဆောင်နိုင်မှာမို့ စိတ်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ လိုအပ်ပါမယ်။ ဒါကြောင့် စိတ်ပင်ပန်းဖိစီးနေပြီလို့ ခံစားရတယ်ဆိုရင် Self-Time လေးယူပြီး အနားယူလိုက်ဖို့ ပြောပါရစေ။ Lotoshinn ရဲ့ စကားလက်ဆောင် စိတ်ပင်ပန်းလာတယ်ဆိုတာက စိတ်ဖျားနာလာတာပါ။ ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုတွေကို ခံစားရတဲ့အခါ ပြန်ကျန်းမာလာဖို့ အနားယူရသလို စိတ်လေးဖျားနာတာကို သက်သာစေဖို့ စိတ်ကို အနားပေးဖို့ လိုပါမယ်။ ဒါကြောင့် စိတ်အရမ်းပင်ပန်းလာပြီဆိုရင် လုပ်လက်စ အလုပ်တွေကို နားလိုက်တာ၊ စိတ်ပျော်စေမယ့် စိတ်သက်သာရာရစေမယ့် အလေ့အထတွေကို လုပ်ပေးတာ၊ စိတ်သက်သာရာ ရစေမယ့် ပတ်ဝန်းကျင်လေး တစ်ရပ်ကို ဖန်တီးတာမျိုး လုပ်ဖို့ လိုပါမယ်။ ဒီလို စိတ်ကို အနားပေးလိုက်မှ ဖျားနေတဲ့ စိတ်လေး ပြန်ကျန်းမာလာပြီး အာရုံစူးစိုက်မှုတွေ ပြန်ကောင်းလာမယ်။ စိတ်ပင်ပန်းမှုတွေ ပြေလျော့သွားပြီး စိတ်ရောကိုယ်ပါ ကျန်းမာလာမှာပါ။

ဆေးလိပ်သောက်ခြင်းက ဆယ်ကျော်သက်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေမလဲ!

ဆေးလိပ်သောက်ခြင်းက ဆယ်ကျော်သက်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေမလဲ!

ဆယ်ကျော်သက်တွေက ငယ်ရွယ်နုပျိုတဲ့အရွယ်လေးတွေ ဖြစ်တာကြောင့် ဆေးလိပ်သောက်တဲ့အခါ သူတို့မှာ ပြင်းထန်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ ခံစားရတယ်ဆိုရင်တောင် သိပ်သတ်မထားမိတာမျိုး ရှိနိုင်ပါတယ်။ တကယ်ကတော့ ဆေးလိပ်သောက်တာက ဘယ်အသက်အရွယ်မှာမဆို ထိခိုက်မှု ကြီးကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ ဆေးလိပ်သောက်ခြင်းက ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ဆယ်ကျော်သက်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေမလဲ! ဆယ်ကျော်သက်အရွယ်လေးတွေကို ဆေးလိပ်ရဲ့ဘေးထွက်ဆိုးကျိုးတွေအကြောင်း အသိပညာပေးနိုင်ဖို့ အရမ်းပဲ အရေးကြီးပါတယ်။ ဒါကြောင့် ကလေးတွေကို ဆေးလိပ်သောက်တဲ့အကျင့် အစမပြုမိစေဖို့ သေချာလေး ဂရုစိုက်ပျိုးထောင်ဖို့ လိုသလို ကလေးက ဆေးလိပ်သောက်တတ်နေတာမျိုး ဖြစ်မယ်ဆိုရင်လည်း ဆေးလိပ်ဖြတ်နိုင်ဖို့ ကူညီပေးရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်တာက - အလှပျက်တယ် ဆေးလိပ်သောက်တာက ငယ်ရွယ်ပျိုမြစ်နေတဲ့ ဆယ်ကျော်သက်အရွယ်ကာလရဲ့ အလှအပကို အများကြီး ထိခိုက်စေတာပါ။ ဆေးလိပ်သောက်တာက အရွယ်အိုမင်းလွယ်သလို၊ ခံတွင်းနံ့ဆိုးတာ၊ သွားတွေဝါတာလိုမျိုး အလှပျက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းစေတယ် ဆေးလိပ်သောက်တာက သက်လုံမကောင်းတာ အမောမခံနိုင်တာတွေကို ဖြစ်စေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု အပေါ်မှာ အများကြီး ထိခိုက်စေနိုင်ပါတယ်။ ဖျားနာလွယ်တယ် ဆေးလိပ်သောက်တဲ့သူက အသက်ရှူလမ်းကြောင်း ကျန်းမာရေးအားနည်းသလို ကိုယ်ခံအားလည်း မကောင်းတတ်ကြပါဘူး။ ဒါကြောင့် ရာသီအကူးအပြောင်းမှာ ဖျားနာလွယ်သလို အအေးမိ၊ တုပ်ကွေး ကူးစက်ခံရနိုင်ခြေကလည်း အခြားသူတို့ထက် ပိုများနေတတ်ပါတယ်။ အသက်ရှူလမ်းကြောင်း ကျန်းမာရေး ထိခိုက်လွယ်တယ် ဆေးလိပ်သောက်သူတွေမှာ လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာလိုမျိုး ကျန်းမာရေးပြဿနာတွေနဲ့ အဆုတ်ပွတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ အဆုတ်ကို ထိခိုက်စေနိုင်တယ် ဆေးလိပ်သောက်တာက အဆုတ်ကို တိုက်ရိုက်ထိခိုက်တာ ဖြစ်တာကြောင့် အဆုတ်ဖွံ့ဖြိုးဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်တာက အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရစေနိုင်တယ် ဆေးလိပ်သောက်တာက ရေရှည်မှာ နာတာရှည် ကျန်းမာရေးပြဿနာ အနေနဲ့ နှလုံးရောဂါ ဆီးချိုရောဂါ လေဖြတ်တာ အဆုတ်ပျက်စီးတာ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာအိမ်ကင်ဆာတွေကို ခံစားရတာ အသက်တိုတာ သွားဖုံးရောဂါ မျက်လုံးရောဂါ အရိုးတွေအားနည်းတာ၊ ကျိုးလွယ်တာ အရေပြားပြဿနာ (ဆိုရီရေးစစ် လိုမျိုး) ခံတွင်းအနာ အရွတ်တွေ၊ အဆစ်တွေ ထိခိုက်တာ အနာကျက်နှေးတာ စတာတွေကို ခံစားရနိုင်ပါတယ်။ စိတ်ကျန်းမာရေး ထိခိုက်နိုင်တယ် ဆေးလိပ်သောက်တာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုတွေ အနေနဲ့ - စိတ်ပင်ပန်းလွန်းတာ စိတ်က အနားမရတမ်း တွေးနေတာ စိုးရိမ်စိတ် လွန်ကဲတာ စိတ်ဓာတ်ကျတာ အာရုံစူးစိုက်ဖို့ ခက်ခဲတာ မေ့လွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ ဆေးလိပ်သောက်သုံးတာက နေ့စဉ်ဘဝမှာ ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရတာ ဖြစ်သလို အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေလည်း များတာကြောင့် ဆယ်ကျော်သက် အရွယ်ကစလို့ ဆေးလိပ်ကို အစမလုပ်ဘဲ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ Lotoshinn ရဲ့ စကားလက်ဆောင် ဆေးလိပ်သောက်တာက ဆယ်ကျော်သက်တွေမှာလည်း ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ အဆုတ်ပျက်စီးတာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ထိခိုက်တာ၊ နီကိုတင်း စွဲလမ်းတာနဲ့ နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရစေတာမျိုးတွေအထိ ခံစားရစေနိုင်တာမို့ အတတ်စမ်းတဲ့အနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲတာ၊ Vape သုံးတာမျိုးတွေ မလုပ်ကြဖို့ အကြံပြုချင်ပါတယ်။

ဆောင်းပါး